ဘာကြောင့် ညဘက်မှာ ညစာ မစားသင့်တာလဲ
“ညစာပါဆိုမှ ညဘက်မှာစားမှာပေါ့” လို့ စောဒကတက်တော့မလို့လား။ နေပါဦး။ ရှင်းပြချင်တာလေးတွေ ရှိလို့ ပြောပြပါရစေဦး။
ညစာဆိုတာ ညဘက်စားရတယ်ဆိုတဲ့ Logic က ယျေဘုယျအားဖြင့်တော့ မှန်ပေမယ့် အလုံစုံမှန်ကန်တဲ့ အကြောင်းတရားလို့တော့ မှတ်ယူလို့မရပါဘူး။ အထူးသဖြင့် ကျန်းမာရေးကို အလေးအနက်ထားတဲ့လူတွေအတွက် ညအချိန်မှာ ညစာစားခြင်းကို ရှောင်ကျဉ်နိုင်လေလေ သင်ကျန်းမာလေလေပါပဲ။
လေ့လာချက်တွေအရဆိုရင် အစာစားချိန်နောက်ကျတာက လူ့ကျန်းမာရေးကို အကျိုးမပြုပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က လူအများစုဟာ ညနေ ၆ နာရီနောက်ပိုင်းမှ ညစာစားကြတာများပါတယ်။ ညစာစားချိန်နောက်ကျလေလေ ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ များလေလေပါပဲ။ ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာ ဒါမှမဟုတ် အာသာပြေ အစာစားတဲ့အခါ ခန္ဓာကိုယ်မှာ ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်း ပိုမိုအားနည်းချိန်ဖြစ်တာမို့ ကိုယ်အလေးချိန်ပိုမိုတိုးပွားစေလေ့ရှိတယ်လို့ ဆိုပါတယ်။
ညမိုးချုပ်ချိန် ဒါမှမဟုတ် ညဉ့်နက်ချိန်ရောက်မှ ညစာစားတဲ့အခါ အောက်ပါကျန်းမာရေးပြဿနာတွေကို ကြုံရနိုင်ပါတယ်။ ဒါတွေကတော့
- ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်စွမ်း နှေးကွေးမယ်၊
- ကိုယ်အလေးချိန် တက်မယ်၊
- ကောင်းမွန်စွာ အိပ်မပျော်နိုင်ဖြစ်မယ်၊
- ညညရင်ပူပြီး ပြန်ပြန်နိုးတာတတ်တယ်၊
- သွေးတွင်းထဲမှာ သကြား၊ အင်ဆူလင်နဲ့ ကိုလက်စထရော ပမာဏ တိုးလာမယ်၊
- အစာခြေဖျက်ရ ခက်မယ်၊
- ခန္ဓာကိုယ် လန်းဆန်းတက်ကြွမှု လျှော့ကျမယ်၊
- စိတ်မကြည်မသာဖြစ်မယ်၊
- လည်ချောင်းထဲမှာ ချွဲတွေကပ်နေမယ်၊
- သွေးတိုးဆီးချိုရောဂါ ခံစားရနိုင်ခြေ များမယ်။
မိုးချုပ်ချိန်ကျမှ ညစာစားခြင်းဟာ ဘယ်လောက်တောင် ကျန်းမာရေးကို ထိခိုက်ပျက်ယွင်းစေသလဲဆိုတာကို စာဖတ်ပရိတ်သတ်ကြီး သိနားလည်သွားကြမယ်လို့ ယူဆမိပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီခွာပြီး စားသုံးသင့်သလို ညစာစားချိန်ကိုလည်း ညနေ ၆ နာရီမတိုင်ခင်မှာ ပုံမှန် သတ်မှတ်ထားသင့်ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ အိပ်ချိန်နဲ့နီးကပ်နေချိန်မှာ ဗီတာမင် C ကြွယ်ဝတဲ့ ဒါမှမဟုတ် ချဉ်တဲ့အစားအစာတွေကို စားသောက်တာကလည်း နည်းမှန်လမ်းမှန်မဟုတ်တာကို သတိပေးစကားဆိုချင်ပါသေးတယ်။
အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေရဲ့ အများစုမှာ Citric Acid ပါဝင်နေတတ်ပြီး အိပ်ချိန်နဲ့နီးကပ်နေချိန်မှာ အလွန်ချဉ်တဲ့ အစားအစာစာတွေကို မှီဝဲစားသောက်တာက အစာအိမ်အချဉ်ပေါက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ ဘာမှမစားဖြစ်အောင် နေတာက ပိုကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ အာဟာရဗေဒပညာရှင်တွေ ကိုယ်တိုင်က လမ်းညွှန်ထားကြတာပါ။
တကယ်လို့ စားဖြစ်တယ်ဆိုရင်တောင်မှ အနည်းအကျဉ်းသာ မှီဝဲသုံးဆောင်စေချင်ပါတယ်။ ညဉ့်နက်ချိန်တွေမှာ ညစာစားခြင်းကို ရှောင်ကျဉ်ခြင်းအားဖြင့် အိပ်စက်ရာမှာလည်း အထောက်အကူဖြစ်စေမှာဖြစ်စေပြီး အိပ်ယာထချိန်မှာလည်း လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။
ရေးသားသူ - ရဲဇွန်အောင်